Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Sunday, May 12, 2013

Facebook hacking ဘယ်လိုကာကွယ်မလဲ?

Q: ဘယ် platform ကနေ hack လုပ်လို့ရတာလဲ?
A: လောလောဆယ် ကြားနေရတဲ့ Facebook hack လုပ်တဲ့ software ဟာ Android phone တွေက တစ်ဆင့် လုပ်ရတာဖြစ်ပါတယ်။ Android OS ဟာ Linux ကိုအခြေခံတဲ့အတွက် network နဲ့ ပက်သက်လာရင် တော်တော် powerful ဖြစ်ပါတယ်။ Linux အခြေခံတဲ့ တစ်ခြား OS တွေမှာလည်း ဒီလို hack လုပ်တဲ့ software တွေရှိနေနိုင်ပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ Android ကို အခြေခံပြီးပြောမှာပါ။

Q: ဘယ် app တွေသုံးတာလဲ?
A: Hacking app နာမည်တွေကတော့ FireSheep, FaceNiff, DroidSheep အစရှိသဖြင့် ရှိပါတယ်။ ကျန်တာတွေလဲ ရှိရင် ရှိဦးမှာပါ။ ဘယ်လိုသုံးလဲကိုတော့ မပြောပြပါဘူး။ ကာကွယ်နည်းကိုပဲ အဓိကထားပြောပြမှာဖြစ်ပါတယ်။

Q: ဘယ်လို တိုက်ခိုက်နိုင်တာလဲ။
A: အရေးကြီးတာ တစ်ချက်က ဒီနည်းလမ်းကို Wi-Fi network တစ်ခုတည်းကို သုံးနေတဲ့ လူအချင်းချင်းပဲ တိုက်ခိုက်လို့ရပါတယ်။ အဲဒီတော့ Public Wi-Fi အသုံးများတဲ့ လူတွေ သတိထားရမှာပါ။ Internet ဆိုင်မှာသုံးရင် များသေားအားဖြင့် LAN ကြိုးနဲ့ သွားတာမို့လို့ အန္တရာယ်သိပ်မရှိပေမယ့် Wi-Fi နဲ့သုံးခဲ့ရင်သော်လည်းကောင်း၊ ဆိုင်ကတစ်ဆင့် အိမ်မှာ internet ပြန်ယူရင်သော်လည်းကောင်း အန္တရာယ်ရှိပါတယ်။ အိမ်မှာ ကိုယ်ပိုင် Internet နဲ့ Wi-Fi သုံးနေတဲ့လူဆိုရင် ကိုယ့် Wi-Fi password ကို တွေ့ကရာလူကို မပေးမိစေနဲ့။ Coffee ဆိုင်၊ ပန်းခြံ၊ shopping mall  နဲ့ ကျောင်းတွေမှာပေးထားတတ်တဲ့ Free Wi-Fi တွေမှာလဲ အန္တရာယ်များနိုင်ပါတယ်။

ဖုန်း internet ကို သုံးနေတဲ့လူတွေဆို သိပ်စိတ်ပူစရာမရှိပါဘူး (Personal Hotspot သုံးရင်တော့ သတိထားပေါ့)။ Public Wi-Fi/Internet Cafe သုံးတဲ့သူတွေသာ အဓိက သတိထားရမှာပါ။ နောက်ဆုံးတစ်ချက်က Android ဖုန်း/iPhone နဲ့ အဲဒီ Wi-Fi ကို ချိတ်သုံးရင်လည်း hack လို့မရဘူးလို့ ပြောပါတယ်။ အဲဒီတော့ Wi-Fi မှာတောင်မှ Laptop/PC သုံးတဲ့သူတွေ အန္တရာယ် အများဆုံးပါပဲ။

တိုက်ခိုက်တဲ့ သဘောတရားကတော့

- Wi-Fi Network တစ်ခုမှာ ကွန်ပြူတာတစ်လုံးက network ကို ချိတ်ထားပြီးရင် Router ဆီ data ပြန်ပို့တဲ့အခါမှာ Router တစ်ခုထဲဆီ မဟုတ်ပဲ network ထဲက ရှိရှိသမျှ  PC/Laptop/Phone တွေဆီလဲ ပို့ပါတယ်။ ပုံမှန်အားဖြင့် ကျန်တဲ့စက်တွေက ကိုယ်နဲ့ မဆိုင်တဲ့ information ဆို မသုံးပဲ ပစ်လိုက်ပါတယ်။ ဒါပေမယ့် တိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရှိတဲ့စက်က သူ့ဆီလာသမျှ data packet တွေကို လက်ခံပြီး စစ်ဆေးပါတယ်။ အင်္ဂလိပ်လို Sniffing လို့ခေါ်ပါတယ်။

- Facebook ကို သင် login ဝင်တဲ့အခါမှာ နောက်တစ်ခါ login ပြန်မလုပ်ရအောင် Facebook က Session ID တစ်ခု ချပေးပါတယ်။ အလာတုန်းကတော့ Session ID ကို encrypt လုပ်ထားလို့ သူများခိုးလို့မရပါဘူး။ ဒါပေမယ့် သင်သုံးတဲ့ စက်ကနေ Router ဆီကို data ပြန်သွားတဲ့အခါမှာတော့ Session ID ပါတဲ့ data packet တွေဟာ network ပေါ်က စက်တွေ အားလုံးဆီကို ရောက်နေမှာပါ။ အဲဒီ အခါမှာ ခိုးဖို့ စောင့်နေတဲ့လူက Session ID ကို ရသွားမှာဖြစ်ပါတယ်။

- အဲလို Session ID ခိုးတာကိုတော့ အပေါ်ကပြောတဲ့ app တွေက အလိုအလျောက်လုပ်ပေးပါတယ်။ ဒါကြောင့် သူတို့ကို Session Hijacker (Session ပြန်ပေးဆွဲသူ) လို့လဲခေါ်ပါတယ်။ Session ID ရပြီဆိုတာနဲ့ အဲဒီ app တွေကပဲ အဲဒီ Session ID နဲ့ Facebook အတွက် data packet အတုတွေ လွှတ်ပါတယ်။ Facebook က log-in လုပ်ပြီးသားလူတွေကို Session ID နဲ့ပဲ ခွဲခြားတဲ့အတွက် တစ်ကယ် account ပိုင်ရှင်လား ခိုးထားတဲ့လူလားဆိုတာ မသိတော့ပါဘူး။ အဲဒီတော့ သင့် account ကို အဲဒီ ခိုးထားတဲ့လူက ဝင်သုံးလို့ရသွားပါပြီ။

- လန့်စရာတစ်ချက်က Session ID ခိုးပြီး သိမ်းထားပြီ ဆိုရင် network တစ်ခုတည်း ရှိစရာမလိုတော့ပါဘူး။ တစ်ခြားနေရာကနေလည်း သင့် account ကို ဝင်သုံးလို့ရသွားမှာပါ။ ဘယ်သူတွေ ကိုယ့် account သုံးနေလဲဆိုတာ Facebook ရဲ့ Active session ကနေ စစ်ကြည့်လို့ရပါတယ်။ သံသယရှိခဲ့ရင် အဲဒီမှာ Current session မဟုတ်သမျှကို End Activity လုပ်ပြီး Log out/Log in ပြန်လုပ်လိုက်ရင်တော့ စိတ်အေးရမှာပါ။

Active Sessions: https://www.facebook.com/settings?tab=security&section=sessions&view

- အရေးကြီးတာတစ်ချက်က အပေါ်က app တွေဟာ password ကိုတော့ မခိုးပေးနိုင်ပါဘူး။ Session ID ကိုပဲ ခိုးပေးနိုင်တာပါ။ အဲဒီတော့ သင့် account password ကိုတော့ ပြောင်းသွားနိုင်မှာမဟုတ်ပါဘူး။ နောက်တစ်ချက်က ဒီလို ခိုးသုံးနိုင်လို့ hacker ဆိုပြီး အထင်မကြီးပါနဲ့။ သူများရေးထားတဲ့ tool တွေသုံးပြီး လျှောက် hack နေတဲ့သူတွေဆိုတာ Script Kiddie အဆင့်ပဲရှိပါတယ်။


Q:  ဘယ်လို ကာကွယ်နိုင်မလဲ?
A: အကောင်းဆုံးကတော့ SSL (https) ပါပဲ။ Facebook မှာ SSL support ပါပေမယ့် နဂိုတည်းက ဖွင့်မပေးထားပါဘူး။ ဖွင့်ချင်ရင် အပေါ်က အပြာရောင် ဘားတန်းလေးမှာ စက်သွားပုံလေးကိုနှိပ် > Account Settings > Security ကိုသွားပြီး Secure Browsing ကို အမှတ်ခြစ်ရမှာဖြစ်ပါတယ်။

ဒီ link ကလဲ တိုက်ရိုက်သွားလို့ရပါတယ်း https://www.facebook.com/settings?tab=security&section=browsing

ပြီးတော့ VPN သုံးလို့လဲရပါတယ်။ DroidSheep ရေးတဲ့ Developer ကိုယ်တိုင်ထုတ်ထားတဲ့ DroidSheep Guard ကို ကိုယ့်ဖုန်းထဲမှာ သွင်းထားရင်လဲ Wi-Fi Network မှာ တိုက်ခိုက်သူ ရှိမရှိ သတိပေးပါတယ်။

DroidSheep Guard: https://play.google.com/store/apps/details?id=de.trier.infsec.koch.droidsheep.guard.free&feature=search_result

IMPORTANT!

ဒီနည်းဟာ Facebook တစ်ခုတည်းသာမဟုတ်ပဲနဲ့ တစ်ခြား Session နဲ့ အလုပ်လုပ်တဲ့ service မှန်သမျှ တိုက်ခိုက်ခံရနိုင်ပါတယ်။ (ဥပမာ Twitter, YouTube, Amazon) အဲဒီတော့ သင်ဟာ Public Wi-Fi အသုံးများတဲ့လူဆိုရင် အဲဒီ service တွေမှာလည်း SSL (HTTPS) ကို ဖွင့်ထားရင် အကောင်းဆုံးဖြစ်ပါတယ်လို့ သတိပေးပါရစေ။


By Chilly Chan in Myanmar Mobile Users Club (Files)